bnr_tob_1

2019.11.20TRAVEL

လူတိုင်းရောက်ဖူးချင်တဲ့ မိုးကုတ်

ချမ်းသာကြီးဘုရားပေါ်ကမြင်ရတဲ့မိုးကုတ်

❤️လူတိုင်းရောက်ဖူးချင်တဲ့မိုးကုတ်ကိုကိုယ်လည်းရောက်ဖူးချင်လို့ကျောပိုးအိတ်တစ်လုံးဆွဲကာထွက်ခဲ့တယ်။မြင့်မားတဲ့တောင်တန်းတွေကြားကမြို့လေးကိုမြင်ချင်စိတ်ရယ် သူ့ရဲ့အရမ်းနာမည်ကြီးတဲ့အစားအသောက်တွေကိုမြည်းစမ်းချင်စိတ်တွေနဲ့ပေါ့။

ပတ္တမြားမြေလို့နာမည်ကြီးတဲ့မြို့ဟာအခုနောက်ပိုင်းပတ္တမြားတွေထက်ရေခဲတာကြောင့်ပိုနာမည်ကြီးပါတယ်။ဘာကြောင့်နာမည်ကြီးကြီးမိုးကုတ်ဟာလာရတာဝေးပေမယ့်လည်ရတာတန်တဲ့မြို့တစ်မြို့ပါပဲ။မြို့ကိုနှစ်ပိုင်းခွဲထားပီးတစ်ခုနဲ့တစ်ခုဟာလည်းခုနှစ်မိုင်လောက်ကွာတယ်။အရင်ကကြားဖူးတာကမြို့တွေနှစ်ပိုင်းခွဲထားတယ်ဆိုတာအလယ်ကမြစ်တို့ချောင်းတို့ခံနေလို့နှစ်ပိုင်းဖြစ်သွားတာမျိုးပေါ့။မိုးကုတ်ကကျတော့အဲလိုမဟုတ်ပြန်ဘူး။ကိုယ့်အတွက်တော့မိုးကုတ်မှာမြင်မြင်သမျှအရာဟာအထူးအဆန်းတွေချည်းပဲ။ကိုယ်လည်ခဲ့မြင်ခဲ့ရတဲ့မိုးကုတ်ကဒါတွေပါ။

မိုးကုတ်မှာတွေ့ရများတဲ့ရေနံနီသုတ်အိမ်

အရှေ့ပိုင်း➡️➡️

ချမ်းသာကြီးဘုရား

ဒီဘုရားပေါ်ကမြင်ရတဲ့မိုးကုတ်မြို့မြင်ကွင်းကိုအရမ်းကြိုက်လွန်းအားကြီးလို့နေ့တိုင်းကိုသွားကြည့်ခဲ့တာ။အရမ်းမမြင့်တဲ့တောင်ပေါ်မှာမို့မြို့ထဲကအိမ်လေးတွေကိုနီးနီးကပ်ကပ်နဲ့မြင်ရတာပါ။အပင်တွေသိပ်မရှိဘဲရေနံနီသုတ်ထားတဲ့အိမ်လေးတွေအထပ်ထပ်နဲ့ပူးကပ်တည်ရှိနေတဲ့တောင်ကြားချိုင့်ဝှမ်းမြို့ရဲ့အလှကိုချမ်းသာကြီးဘုရားပေါ်ကအလှဆုံးမြင်ရမှာပါ။ဒီဘုရားမှာလှူထားတဲ့ကျောက်သံပတ္တမြားတွေဆိုတာများလွန်းလို့မိုးကုတ်ကလူတွေအဲလောက်တောင်မှလှူနိုင်တန်းနိုင်ကြတာလားလို့တွေးမိတယ်။

ပတ္တမြားစေတီ

ပတ္တမြားစေတီပေါ်ကမြင်ရတဲ့မြင်ကွင်း
ပတ္တမြားစေတီပေါ်ကမြင်ရတာ

ပတ္တမြားစေတီပေါ်ကမြင်ရတဲ့မြင်ကွင်းကိုတစ်ချို့တွေကတော့ပိုလှတယ်ပြောကြတယ်။သူကကျတော့မြို့မြင်ကွင်းကိုပိုပိုကျယ်ကျယ်မြင်ရတယ်ပြောရမလား။မိုးကုတ်အင်းကြီးရဲ့အလှကိုအပြည့်အဝမြင်ရတာမျိုးပါ။တစ်မျိုးစီပါပဲလေ။

မိုးကုတ်အင်း

ချမ်းသာကြီးဘုရားနောက်ခံနဲ့
မိုးကုတ်အင်း
မိုးကုတ်အင်းကနေမြင်ရတာ

ချမ်းသာကြီးဘုရားနောက်ခံနဲ့မြင်ရတဲ့မိုးကုတ်အင်းရဲ့အလှဟာထူးခြားပါတယ်။မိုးကုတ်နှစ်၈၀၀ပွဲတော်ကြီးကိုအင်းဘေးကကွင်းမှာကျင်းပသွားခဲ့တာပါ။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ဘော်ဘဒန်းလှိုဏ်ဂူ

မိုးကုတ်မြို့ဟာမိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ကျော်ကြားမှုကြောင့်လူတိုင်းမရောက်ဖူးသည့်တိုင်ရင်းနှီးကြမှာပါ။မိုးကုတ်ရောက်တုန်းဆရာတော်ဘုရားကြီးရဲ့ဂူကတော့မသွားမဖြစ်သွားကြရမှာပါ။မိုးကုတ်အရှေပိုင်းအဝင်မင်းတံတား king bridge hotelရှေ့နားမှာ ဘယ်ဘက်ချိုးတဲ့ လမ်းရှိပါတယ်။အဲလမ်းကနေဝင်သွားရင်တောက်လျှောက်ပါပဲ။ပါးစပ်ပါရွာရောက်တယ်ဆိုသလိုပဲမေးမြန်းပီးသွားရင်ဘော်ဘဒန်းရွာရောက်သွားပါလိမ့်မယ်

မိုးမိတ်အထွက်လမ်းကမိုးကုတ်မြို့အဝင်ဆိုင်းပုဒ်

မိုးကုတ်မှာမြို့အဝင်ဆိုင်းပုဒ်သုံးခုရှိပါတယ်။အဲအထဲကမိုးမိတ်ကိုထွက်တဲ့လမ်းကမြို့အဝင်ဆိုင်းပုဒ်ကဓာတ်ပုံရိုက်လို့အလှဆုံးပါပဲ။တော်တော်များများလည်းအဲမှာဓာတ်ပုံရိုက်ကြတာများပါတယ်။သူ့ဆီကနေလည်းမြို့အလှကိုကြည့်လို့ရတယ် အပြည့်မမြင်ရပေမယ် တောင်တန်းတွေနဲ့ အိမ်တွေ ကြိုးတိုးကြဲတဲနဲ့ချိုင့်ဝှမ်းမြို့ရဲ့အလှကို တစွန်းတစတော့ခံစားရမှာပါ။

အာဒံဧဝပန်းခြံ

၇မိုင်ပန်းခြံလို့နာမည်ကြီးပါတယ်။မိုးကုတ်ကနေမိုးမိတ်သွားတဲ့လမ်းပေါ်မှာရှိတာပါ။မိုးမိတ်ထွက်တဲ့လမ်းဆိုင်းပုဒ်ကနေတည့်တည့်၇မိုင်လောက်သွားရင်ရောက်ပါတယ်။ရေကူးကန်နဲ့လက်ဖက်ခြံလေးနဲ့လင့်စင်လေးနဲ့အတော်သာယာပါတယ်။အရမ်းကြီးလူစည်ကားနေတာမျိုးတော့မဟုတ်ပါဘူး။

ပိန်းပြစ်ရွာ

ပိန်းပြစ်ကမြေကြီးအိမ်လေး

အာဒံဧဝပန်းခြံကနေဆက်သွားရင်တောင်နှစ်ကွေ့သုံးကွေ့လောက်ကျော်တာနဲ့ပိန်းပြစ်ရောက်ပါတယ်။ပိန်းပြစ်မှာသုံးပိုင်းရှိပါတယ်။လီဆူပလောင်နှင့်ဂေါ်ရခါးတွေနေကြတာဆိုတော့ သူ့လူမျိုးအလိုက် သူ့အပိုင်းလိုက်နေကြတာမျိုးပါ။ လီဆူတွေနေတဲ့နေရာမှာဆိုရင်ဘုရားကျောင်းကုန်းကနေမြင်ရတဲ့မြင်ကွင်းကအရမ်းသာယာပါတယ်။

ပိန်းပြစ်ကဂေါ်ရခါးရိုးရာမြေအိမ်လေးမှာ

ကိုယ်အဓိကပိန်းပြစ်သွားဖြစ်တာကဂေါ်ရခါးလူမျိုးတွေရဲ့မြေကြီးအိမ်မြင်ချင်လို့ပါ။အဲလိုမြေကြီးအိမ်တွေပိန်းပြစ်မှာအတော်များများကျန်ပါသေးတယ်။ဂေါ်ရခါးတွလူမျိုးတွေနေတဲ့နေရာရောက်တော့လူစည်တဲ့ဆိုင်တစ်ဆိုင်မှာ မြေကြီးအိမ်တွေလေ့လာချင်လို့ ဘယ်နေရာမှာ သွားကြည့်ရင်အဆင်ပြေနိုင်မလဲလို့မေးတော့သူတို့ညွှန်ပြပါတယ်။အရမ်းသဘောကောင်းကျတယ်။

လီဆူပိန်းပြစ်ရွာရဲ့ဘုရားကျ
ောင်းကုန်းကနေရိုက်ထားတာ
အိမ်ပိုင်ရှင်အစ်မကြီးရိုက်
ပေးတာsnapမိသွားတယ်
သွားလည်ခဲ့တဲ့မြေကြီးအိမ်လေ
းတစ်ခု တောင်စောင်းလေးပေါ်တက်သွားရတာ

ကင်းချောင်းရေတံခွန်

ကင်းချောင်းရေတံခွန်မှာ

မိုးကုတ်မြို့ခံတွေအလာများတဲ့အပန်းဖြေနေရာတစ်ခုပါ။ရေတံခွန်ကနွေရာသီဆိုတော့ရေကျတာသိပ်မများပေမယ့်လည်းရေကူးဖို့ဘောင်တွေခတ်ထားတာဆိုတော့ရေကူးဖို့အရမ်းအဆင်ပြေမယ့်နေရာပါ။ကိုယ်တော့မကူးခဲ့ဘူး။ဓာတ်ပုံပဲရိုက်ခဲ့တယ်။ကင်းချောင်းဘက်ကိုသွားချင်ရင် တောင်ကချင်ရပ်ကွက် မိုးကုတ်ထောင်နားကနေ မိုးကုတ်-ပြင်ဦးလွင်လမ်းအတိုင်းသွားရတာပါ။မြို့အဝင်ဆိုင်းပုဒ်ကျော်ပါတယ် လမ်းပေါ်မှာတင်ကင်းချောင်းဆိုင်းပုဒ်အကြီးကြီးတပ်ထားတာဆိုတော့လမ်းမှားနိုင်စရာအကြောင်းမရှိပါဘူး။

နောက်ထပ်လည်စရာတွေက

-ဖောင်တော်ဦးမြတ်စွာဘုရား

ဖောင်တော်ဦးဘုရား

-လယ်ဦးသဘာဝလှိုင်ဂူ
-ထာပွဲ
-ဘုရားတစ်ထောင်တရုတ်ဘုံကျောင်း
-အံ့ဖွယ်တောင်
-တောင်မင်းတောင် အစရှိသဖြင့်အများကြီးကျန်သေးတာပေါ့လေ

အနောက်ပိုင်း(ကျပ်ပြင်)

ကျပ်ပြင်ရဲ့အလှကိုဒေါ်နန်းကြည်တောင်ကမြင်ရတာ
ဒေါ်နန်းကြည်တောင်အဆင်းလေး

နာမည်ကြီးနေရာတော်တော်များများကကျပ်ပြင်မှာရှိတာပါ။သူကအရှေ့ပိုင်းထက်လည်းရာသီဥတုပိုအေးတယ်။ဒေါ်နန်းကြည်တောင်မိုးကုတ်မှာနာမည်အကြီးဆုံးနေရာပါ။ဒေါ်နန်းကြည်တောင်ကနေကြည့်ရင်ဘာလို့မိုးကုတ်ကိုဒယ်အိုးမြို့လို့ခေါ်လဲသဘောပေါက်ပါလိမ့်မယ်။တောင်ပေါ်အထိကားလမ်းပေါက်တယ်။တောင်တစ်ဝက်လောက်မှာကျပ်ပြင်ရဲ့အလှက်ုကြည့်ရင်းစားလို့ရတဲ့စားသောက်ဆိုင်လေးတွေလည်းရှိတယ်။ဒေါ်နန်းကြည်တောင်နဲ့ကျပ်ပြင်မှာရှိတဲ့နောက်တောင်တစ်တောင်ဖြစ်တဲ့ပင့်ကူတောင်ကိုကျတော့တစ်ရက်တည်းအတူမတက်ရဘူးလို့လည်းပြောကြတယ်။

မိုးကုတ်မှာတွေ့ရများတဲ့ရေနံနီသုတ်အိမ်

ကျောက်ပြသာဒ်ဘုရား

ကျောက်ပြသာဒ်ဘုရားမှာ
ကျောက်ပြသာဒ်

ကျောက်တောင်တွေအမွှာမွှာဖြစ်နေတဲ့အပေါ်မှာဘုရားတည်ထားပါ။ရုတ်တရက်ကြည့်လိုက်ရင်တောင်ကွဲစေတီနဲ့ဆင်တယ်။အနောက်ပိုင်းအဝင်ဆိုင်းပုဒ်နားမှာကျောက်ပြသာဒ်ရွာသွားတဲ့လမ်းခွဲလေးရှိပါတယ်။

ကျောက်ပြသာဒ်ဘုရားပေါ်အတက်

ရွှေလိပ်ပြာဟိုတယ်

ရွှေလိပ်ပြာဟိုတယ်မှာရှုခင်းလေးကြည့်ပီးကော်ဖီသောက်

အရှေ့ပိုင်းနဲ့အနောက်ပိုင်းကြားမှာလိပ်ပြာပုံကြီးတစ်ခုတွေ့လိမ့်မယ်။အဲဒါရွှေလိပ်ပြာဟိုတယ်ပါပဲ။သူ့ဆီမှာကော်ဖီသောက်ရင်းရှုခင်းသွားကြည့်လို့ရတယ်။ဟိုတယ်ဝင်းထဲဝင်ဖို့ကျတော့ဝင်ကြေး၁၀၀၀ပေးရပါတယ်။ဝင်းထဲမှာလည်းဓာတ်ပုံရိုက်လို့ကောင်းတယ်။နောက်ထပ်လည်စရာတွေကတော့
-ကျောက်လက်ညှိုးတောင်
-ပင့်ကူတောင်တို့ကျန်ပါသေးတယ်။ကိုယ်မရောက်ဖြစ်လိုက်ဘူး

မိုးကုတ်မှာတွေ့ရများတဲ့ရေနံနီသုတ်အိမ်

နောက်တစ်ခုကမိုးကုတ်ကိုအဓိကအားဖြင့်ရေတွေခဲနေတာမြင်ချင်လို့လာကြတာများတယ်။ရေခဲတာကတော့ဒီနေ့ခဲရင် မနက်ဖြန်မခဲပြန်ဘူး အဲလိုပုံမှန်မရှိကြတော့ ဒါကြီးကိုစိတ်နှစ်ပီးမသွားစေချင်ဘူး။ထီထိုးသလိုပဲ ကိုယ့်ကံနဲ့ပဲဆိုင်ပါတယ်😃

မိုးကုတ်ကိုဘယ်လိုလာရမလဲ

ခုနောက်ပိုင်း Highclass နဲ့တောင်ပြာတန်းကရန်ကုန်-မိုးကုတ်တိုက်ရိုက်ကားတွေပြေးဆွဲပေးပါတယ်။ကားလက်မှတ်စျေးကသုံးသောင်းလောက်ရှိပါတယ်။

တည်းမယ့်နေရာတွေ

မိုးကုတ်မှာက resortကနေguest houseလေးတွေအထိရှိပါတယ်။
ကိုယ်တွေလိုbudgetသမားတွေကတော့
-စခန်းသာguesthouse 09444676067
-ယမင်းguesthouseပေါ့ 09257071701

မြို့ထဲညစျေးနဲ့နီးနီးနားနားဆိုရင်တော့စခန်းသာမှာတည်းလို့ရတယ်။ကိုယ့်တုန်းကျတော့မိုးကုတ်မြို့အနေအထားကဘယ်လိုရှိမှန်းမသိတော့စျေးအသက်သာဆုံးယမင်းguesthouse ကိုရွေးလိုက်တယ်။အရှေ့ပိုင်းနဲ့အနောက်ပိုင်းရဲ့အလယ်လောက်မှာကျသွားတာပေါ့။သူကအရှေ့ပိုင်းအဝင်မှာဆိုတော့လေ၊မဆိုးပါဘူးမြို့ထဲလာရတာဝေးပေမယ့်လည်း အနောက်ပိုင်းသွားတဲ့အခါနီးသွားတာပေါ့။

ပုံမှန်ဟိုတယ်တည်းချင်ရင်တော့
Mogok Hill Hotel-09777222205
အသစ်ဖွင့်တာမကြာသေးတဲ့ Mount Mogok Hotel-09402201300
ရွှေလိပ်ပြာဟိုတယ်တို့မှာတည်းလို့ရပါတယ်။
Mogok Hillကတော့မြို့ထဲညစျေးနဲ့လည်းနီးတယ် ဘုရားတွေနဲ့လည်းနီးတယ်
Mount Mogok ကတော့အသစ်ဖွင့်ထားတာပါ ပြင်ဦးလွင်ဘက်ထွက်တဲ့လမ်းနားမှာရှိပီးမြို့ထဲနဲ့အရမ်းမနီးပေမယ့်မြိုပြင်လည်းမရောက်ပါဘူး။

ရွှေလိပ်ပြာကတော့ မိသားစုလိုက်အေးအေးဆေးဆေးတောထဲတောင်ထဲရှုခင်းလေးကြည့်ရင်းတည်းချင်ရင်တော့ညွှန်းပါတယ်။သွားလာစားသောက်ချင်တဲ့သူတွေအတွက်ကျတော့အဆင်မပြေဘူး။မြို့ထဲနဲ့အဝေးကြီးပါ။ရေကူးကန်တွေနဲ့အဆင့်မြင့်မြင့်နေချင်ရင်တော့King Bridge Hotelရှိပါတယ် အရှေ့ပိုင်းအဝင်နားလေးမှာပဲ။သူ့ဆီမှာမိုးတွင်းဆိုရင်စျေးတွေချတတ်ပါတယ်။

စားသောက်ဆိုင်တွေ

ဒေါ်ရှန်ဆိုင်မှာရတဲ့မိုးကု
တ်အစားအသောက်menu

-မိုးကုတ်မှာကမိုးကုတ်ဒေါ်ရှန်ကတော့နာမည်ကြီးပါပဲ။သူ့ဆီမှာကမိုးကုတ်အစားအသောက်တွေအကုန်ရတယ်။ရန်ကုန် မန္တလေးကဆိုင်တွေထက် မိုးကုတ်ဆိုင်ကလက်ရာကပိုကောင်းသလိုပဲ။

-ရွှေခေတ်အအေးဆိုင်

ရွှေခေတ်မှာရေခဲမုန့်ကြော်စားသည်ပေါ့

မိုးကုတ်အင်းမြင်ကွင်းကိုထိုင်ကြည့်ပီးစားရသောက်ရမယ့်ဆိုင်ပါပဲ အပိုမပြောဘူးသူ့ဆီကမြင်ရတဲ့မိုးကုတ်အင်းမြင်ကွင်းကတော်တော်လှတယ် မိုးကုတ်အင်းရဲ့အရှေ့မှာပဲရှိတာပါ။သူ့ဆီကရေခဲမုန့်ကြော်ကအရမ်းနာမည်ကြီးတယ်

-မိုးကုတ်ညစျေးတန်း

မိုးကုတ်ရဲ့နာမည်ကြီးအစားအသောက်တွေအကုန်ရတယ်လို့ပြောရမလား။ညစျေးတန်းကအခြားဒေသတွေရဲ့ညစျေးတန်းတွေလိုအရှည်ကြီးတော့မဟုတ်ဘူး၊ ဒါပေမယ့်တော်တော်စုံစုံလင်လင်ရပါတယ်။

-လမ်းဘေးတို့ဟူးနွေးဆိုင်လေးတွေ

လမ်းဘေးတို့ဟူးနွေးဆိုင်လေးမှာ

မိုးကုတ်မှာကဘယ်ဆိုင်စားစားအကုန်စားကောင်းတယ်။ကိုယ်တော့ဗိုက်ဆာတဲ့အခါအဆင်ပြေတဲ့ဆိုင်ဝင်စားလိုက်တာပဲ။အကုန်လုံးစားလို့ကောင်းသား😋

အဲဒါကိုယ်စားခဲ့တာအကုန်ပဲ။တနေ့နေ့တို့ဟူးနွေးစားလိုက် ဂျုံခေါက်ဆွဲစားလိုက်နဲ့ မရိုးနိုင်အောင်ကိုဖြစ်နေတာမို့မစားခဲ့တဲ့ဆိုင်တွေတော့မညွှန်းတော့ဘူး။နောက်ကောင်းတဲ့ဆိုင်တွေအများကြီးရှိအုန်းမှာပါလေ။

ဘာနဲ့လည်ကျမလဲ

ကိုယ်တော့ဆိုင်ကယ်နဲ့ပဲလျှောက်သွားခဲ့တယ်။တစ်ရက်ကို8000ပေးရတယ်။တည်းတဲ့ဆီကပဲငှားပီးလမ်းမေးပီးလျှောက်သွားတာပဲ။အကုန်လုံးကပြောပြမယ်ဆိုတာချည်းပဲ။သဘောကောင်းချက်လက်လန်တယ်မိုးကုတ်ရယ်ဆိုသလိုပဲကားနဲ့လည်ဖို့ကျတော့တည်းတဲ့နေရာမှာပဲမေးရင်ပိုအဆင်ပြေမယ်ထင်တယ်။မိုးကုတ်မှာကကားငှားရတာနဲနဲခက်တယ်။

ကိုယ်မိုးကုတ်မြို့ခံtoursတွေတွေ့ထားတာရှိတယ်
Mogok Ikan Travel ရယ်
Mogok Trekရယ်
Worldwide Travels & Toursရယ်

တကယ်လို့ကိုယ့်ဟာကိုယ်တော့မိုးကုတ်အရောက်သွားတတ်တယ် ဒါမယ့် ဟိုရောက်ရင်လမ်းက မသိသွားရလာရတာအဆင်မပြေလို့မြို့ခံtourလေးနဲ့ဆက်သွယ်ချင်ရင်တော့ Mogok Ikan Travelနဲ့သွားလည်းရတယ်။tourဆိုပေမယ့်ကိုယ်တိုင်လျှောက်သွားရသလိုမြို့အနှံ့လျှောက်သွားလျှောက်စားရမှာတဲ့နော်။

Mogok Trekကျတော့ Adventureကြိုက်တဲ့ ကိုယ်လိုလူတွေအတွက်ပေါ့။ ဆောင်းတွင်း မိုးကုတ်က တောင်တွေ Mogok Trekကိုjoinပီးသွားတက်အုံးမယ်လို့ စဉ်းစားထားတယ်

World Wide Travelsကျတော့မိုးကုတ်တခွင်လည်ဖို့ရော တောင်တက်ပီး camping လုပ်တာတွေရော စီစဉ်ပေးတယ်။ သူကရန်ကုန်မှာကောမိုးကုတ်မှာကော ရုံးရှိတယ်။ ရန်ကုန်ကနေ တခါတည်းjoin ပီးသွားလို့လည်းရတယ်။ အဲလောက်ဆိုရင်တော့ မိုးကုတ်တစ်ခွင် ပြဲပြဲစင်ဖို့လုံလောက်ပါပီနော်။❤️

မိုးမိတ်အထွက်လမ်းကဆိုင်းပုဒ်
ပတ္တမြားမြေသို့ပြန်လည်ဆုံတွေ့ကြပါစို့

Credit : https://www.facebook.com/zanflyingsolo/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img
This error message is only visible to WordPress admins

Error: API requests are being delayed for this account. New posts will not be retrieved.

Log in as an administrator and view the Instagram Feed settings page for more details.