bnr_tob_1

2020.06.22TRAVEL

ချင်းတောင်တန်းတွေဝန်းရံနေတဲ့ ကလေးမြို့လေး…

နေကြာပန်းခင်းကြီးတွေ ပေါမှပေါ 😍

ကလေးမြို့ကို အလုပ်နဲ့ တစ်လနှစ်ခါလောက်ရောက်ဖြစ်ပေမယ့် ခုမှပဲ ကလေးမြို့လေးအကြောင်းရေးဖြစ်တော့တယ်။ အရင်က ကလေးမြို့ဆိုရင် ချင်းပြည်နယ်ထဲပါတယ်လို့ပဲထင်ခဲ့တာ။

ကလေးမြို့ဟာ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ စီးပွားရေးအချက်ချာကျတဲ့ ကုန်သွယ်မြို့လေးတစ်မြို့ပေါ့။ ဘေးမှာ ချင်းတောင်တန်းတွေဝန်းရံထားပြီး ဒယ်အိုးပုံရှိနေတဲ့ မြို့လေးလဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်လဲ ရေကြီးနစ်မြှုပ်မှုဒဏ်ကို ဆိုးရွာစွာခံခဲ့ရတာပေါ့။ ကလေးမြို့ကို အရင်က တောင်တွေကာရန်ထားတဲ့ မြို့လေးမလို့ ကာလေး လို့ခေါ်ရင်းကနေ အချိန်ကြာလာတော့ ကလေးမြို့ဆိုပီး ခေါ်ခဲ့ကြတာလို့လဲပြောကြတယ်။ ကလေးမြို့က ရှမ်းဘာသာစကားကနေ ဆင်းသက်လာပီး စျေးမြို့လေးလို့အဓိပ္ပာယ်ရပါတယ်။ ဘာလို့လဲဆိုတော့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ကုန်သွယ်ရေးမြို့လေးအဖြစ် အရေးပါတဲ့မြို့လေးတစ်မြို့ဖြစ်နေလို့ပါ။

ကလေးမြို့ကိုအပေါ်စီးကမြင်နေရပီ
သန့်ရှင်းသပ်ရပ်နေတဲ့ ကလေးမြို့ကလမ်းလယ်မှာ

ကလေးမြို့ကိုယခင်က စော်ဘွားတွေအုပ်ချုပ်ခဲ့တယ်လို့လဲသိရပါတယ်။ မထင်ထားလောက်အောင် ရှေးကြတဲ့ မြို့လေးလို့လဲ ပြောလို့ရတယ်။ ကလေးမြို့မှာ လူမျိုးပေါင်းစုံနေထိုင်ကြပါတယ်။ သူ့ရပ်ကွက်နဲ့သူပေါ့။ တာဟန်းလို့ခေါ်တဲ့ ကလေးမြို့ရဲ့ နာမည်ကြီးတဲ့ ရပ်ကွက်လေးမှာဆို ချင်းလူမျိုးပေါင်းစုံနေထိုင်ကြပါတယ်။ ကိုယ်အရင်ကမကြားခဲ့ဖူးတဲ့ ချင်းလူမျိုးနွယ်တွေလည်းရှိပါတယ်။ တာဟန်းစျေးနဲ့ တာဟန်းရပ်ကွက်ကတောါ ကလေးမြို့မှာ အထင်ကရ နေရာလေးတစ်ခုပေါ့။ ကလေးမြို့မှာ လည်စရာအများအပြားမရှိပေမယ့်လို့ အရမ်းကိုနေချင်စဖွယ်မြို့လေးတစ်ခုပါ။ ဘာလို့လဲဆိုတော့ ရန်ကုန်မှာမမြင်ဖူးတဲ့ သစ်ပင်တန်းကြီးတွေ Tree Tunnel Road ကြီးက ကလေးမြို့လည်ခေါင်မှာရှိတယ်လေ

သိပ်လှတဲ့ Tree Tunnel ကြီးတွေ

အပင်ကြီးကြီးတွေ အုံ့ဆိုင်းထားတဲ့ ကလေးမြို့လည်ခေါင်က လမ်းမကြီးဟာ သိပ်လှတာပဲ။ အဲ့လမ်းလေးမှာ ၃ ဘီးဆိုင်ကယ်လေးစီးပြီး ကလေးမြို့ကိုလည်ရတဲ့ အရသာဟာ တစ်မျိုးလေးပေါ့။ မြို့ထဲက လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင် လဲသိပ်ကောင်း (နာမည်မေ့သွားတယ်)

တခြားနေရာတွေလည်ပတ်မယ်ဆိုရင်တော့ အဝေးဆုံးနေရာလေးကနေ စသွားကြမယ်နော်။

မြတ်စွာဘုရားရှင်လက်ဆေးခဲ့တဲ့ လက်ဆေးကန်

••••••••••••••••••••••••••••••••••••••••••••••••

မြူတွေဆိုင်းနေတဲ့ လက်ဆေးကန်

ကလေး – မော်လိုက် – တမူးလမ်းမဘေးက တောင်ပေါ်မှာရှိတာပါ။ ကလေးမြို့ကနေ ၁ နာရီခွဲလောက်သွားပြီး တောင်ပေါ်တက်ရပါတယ်။ လက်ဆေးကန်သမိုင်းကြောင်းကတော့ မြတ်စွာဘုရားရှင် ၅ ဝါတုန်းက မော်လိုက်မြို့နားမှာရှိတဲ့ ဆွမ်းဘုန်းတောင်ကို ဆွမ်းစားဖို့ကြွစဉ် ညီတော်အာနန္ဒာက ဆွမ်းစားရန် ရေခပ်ပေးခဲ့လ်ို့ လက်ဆေးကန်ဟု အမည်တွင်ကြောင်းသိရပါတယ်။ လက်ဆေးကန်ရဲ့ထူးခြားချက်တွေလည်းရှိပါသေးတယ်။(၁) ကန်ထဲကရေစာ PH-7 level ရှိခြင်း(၂) ကန်ရေပြင်အတက်အကျမရှိ ငြိမ်သက်ခြင်း(၃) နွေ၊ မိုး၊ ဆောင်း (၃) ရာသီလုံး ပတ်ဝန်းကျင်ကအေးမြနေခြင်း(၄) ကန်ဘေးတွင်ရှိသော သစ်ပင်များမှ သစ်ရွက်ခြောက်များ ကန်ထဲသို့မကျခြင်း(၅) အကယ်၍ သစ်ရွက်ခြောက်များကျလာခဲ့ပါကငှက်များ အုပ်စုဖွဲ့၍ အမှိုက်များလာသယ်ယူသွားကြခြင်း စတာတွေဖြစ်ပါတယ်။ ကန်ရှိရာ တောင်ထိပ်မှာ ရွှေကံသာမုနိ ဘုရားကိုလည်း တည်ထားပါတယ်။ ကလေးမြို့ရောက်ခဲ့ရင်တော့ လက်ဆေးကန်ကိုလည်း သွားရောက်သင့်ပါတယ်။

လက်ဆေးကန်က ဘုရား

ရေဆန်ကျွန်းဘုရား

•••••••••••••••••••••••

ရေဆန်ကျွန်းဘုရား

ကလေးမြို့ရဲ့မလှမ်းမကမ်းမှာရှိပြီး ကလေး- ကလေးဝမြို့ကြား ရာဇဂီရိကုန်းပေါ်မှာ တည်ထားတဲ့ ရေဆန်ကျွန်းဘုရားလည်းရှိပါတယ်။ တောင်ကုန်းဘေးမှာတော့ ပြောင်းပြန်စီးတဲ့ မြစ်ရယ်လို့ နာမည်ကြီးတဲ့မြစ်သာမြစ်ရှိပါတယ်။ မြစ်သာမြစ်ရဲ့ ညနေခင်း နေဝင်ချိန်အလှကိုခံစားရတာလည်း ဖီလင်တစ်မျိူးပေါ့။ ရေဆန်ကျွန်းဘုရားကိုတော့ မောလိုက်ကျေးရွာအနီး နေရဉ္ဇရာမြစ်အတွင်း အောက်မှအထက်သို့ဆန်တက်ပြီး ဆက်မမျောဆော့ပဲ ရေမှာပေါ်နေတဲ့ ကျွန်းတုံးကြီးကို ရွာသားတစ်ဦးကတွေ့ပြီး အဓိဌာန်ပြု၍ ကမ်းကပ်စေခဲ့ပါတယ်။ ထိုမှတစ်ဆင့် ကျွန်းတုံးကိုဆင်းတု ထုလုပ်ပူဇော်ပြီး ရာဇဂီရိကုန်းတော်ပေါ်မှာ တည်ထားကိုးကွယ်ခဲ့ပါတယ်။

ရာဇဂြိုလ်ဆည်

•••••••••••••••••••

ရာဇဂြိုလ်ဆည်ရေးပိုလွှဲနားမှာ

ကလေးမြို့ရဲ့ ဆိုင်ကယ်တွေ လူနေမှုပုံစံတွေထဲကတိုးထွက်ပြီး အေးဆေး Relax လုပ်ချင်ရင်တော့ ရာဇဂြိုလ်ဆည်ကိုသွားသင့်ပါတယ်။ အရင်က ကလေးမြို့ရေကြီးတော့ ဆည်ကြီးလည်းပျက်သွားခဲ့ပါတယ်။ ယခုအခါရေအနည်းငယ်သာရှိပါတော့တယ်။ ဒါပေမယ့် ရေများတဲ့အချ်ိန် ရေပိုလွှဲရှိတဲ့နေရာကတော့ သိပ်လှပါတယ်။ ဒါ့အပြင် Yarzagyo Dam ဆိုတဲ့စာလုံးကြီးနောက်ခံထားပြီးလဲ ဓာတ်ဖမ်းလို့ရပါသေးတယ်။ နိုဝင်ဘာ၊ ဒီဇင်ဘာလိုအချိန်မျိူးဆို ဆည်ကိုသွားတဲ့ လမ်းတစ်လျှောက် တံမြက်စည်းပင်အဖြူတွေ အပြုံလိုက်ပေါက်လေ့ရှိပါတယ်။ ကားပေါ်ကဆင်းပြီး ဓာတ်ပုံရိုက်ရင်တော့ အရမ်းမိုက်။ လေကောင်းလေသန့်လဲ အေးအေးဆေးဆေး လမ်းလျှောက်လို့လဲကောင်းတဲ့ နေရာလေးပါ။

ဆည်မှာ

မြောက်ယာဉ်စွန်းတန်းဖြတ်သည့်နေရာ

••••••••••••••••••••••••••••••••••••••••

မြူတွေဆိုင်းနေတဲ့ လက်ဆေးကန်

ဒါကတော့ ကလေးမြို့မှာရှိတဲ့ ထူးခြားတဲ့ အမှတ်အသားနေရာလေးတစ်ခုပေါ့။ ခုနက မြတ်စွာဘုရားလက်ဆေးကန်ကိုသွားတဲ့လမ်းဘေးမှာပဲရှိပါတယ်။ ကလေးမြို့နယ်၊ ကြံစက်ကုန်းရွာအနီး မိုင်တိုင်အမှတ် ၅၅/၅၆ မှာရှိတဲ့ ကျောက်ဆိုင်းဘုတ်အမှတ်အသားကြီးပါ။ လမ်းကြုံရင် ဓာတ်ပုံဆင်းရိုက်ခဲ့လို့ရပါတယ်။

ပြောင်းပြန်စီးတဲ့ မြစ်
မြစ်သာမြစ်
မြစ်သာမြစ် နောက်ခံနဲ့ စာရေးသူ

ကလေးမြို့မုခ်ဦး နဲ့ နေကြာခင်း

•••••••••••••••••••••••••••••••••

နေကြာပန်ခင်းထဲပျော်နေသော ချိမ

ကလေးမြို့ရောက်ရင် မုခ်ဦးဆိုင်းဘုတ်ကြီးနဲ့ ဓာတ်ပုံလေးတော့ရိုက်ခဲ့ရမှာပါ​။ ယခင် ကလေးမြို့ရေကြီးတုန်းက စစ်ကိုင်းတိုင်းဒေသကြီးဆိုတဲ့ စာတန်းမြှုပ်တဲ့အထိကိုဖြစ်ခဲ့တာပါ။ မုခ်ဦးဘေးဆဖက်တချက်မှာ သိပ်လှတဲ့ နေကြာခင်းကြီးတွေလည်းရှိပါတယ်။ နေကြာကတော့ရာသီအလိုက်ပဲရှိတာမို့ နေကြာပွင့်တဲ့အချိန်နဲ့ ကြုံရင်တော့ ဓာတ်ပုံလှလှလေးရိုက်ခဲ့ပါနော်။

မိုးတွင်းဆို ရေတွေ ဒလဟောကျတဲ့ ရေပိုလွှဲ

ကလေးမြို့လည်ခေါင်က သစ်ပင်တန်း

•••••••••••••••••••••••••••••••••••••••

ကလေးမြို့ရဲ့ Tourist Attraction နေရာလေးတစ်ခုဆိုလည်းမမှားဘူးပေါ့။ မြို့လည်ခေါင်မှာ အုံ့ဆိုင်းပြီး အတန်းလိုက်စိုက်ထားတဲ့သစ်ပင်ကြီးတွေက အသက်ပေါ့။ လမ်းတစ်လျှောက်လုံး သစ်ပင်ရိပ်ကြီးတွေနဲ့ မြို့လည်ခေါင်က သက်ဝင်လှုပ်ရှားလျက်ရှိပါတယ်။ ဆိုင်ကယ်တွေရှုပ်နေတဲ့ လမ်းလည်ခေါင်မှာ ဓာတ်ပုံတက်ရိုက်ဖို့ ကိစ္စဆိုတာ လွယ်တော့မလွယ်ဘူးပေါ့။ ဒါပေမယ့်လဲ အရမ်းလှလို့ ရိုက်ချင်ဇောနဲ့ တက်ရိုက်ခဲ့ပါသေးတယ်။ပြီးတော့ ကလေး လေဆိပ်က မြို့လည်ခေါင်မှာပဲရှိပါတယ်။

ရွှေဘုံသာဘုရာကြီး

••••••••••••••••••••••

ကလေးမြို့အတွင်းမှာပဲရှိတဲ့ မြို့ကျက်သရေဆောင် ရွှေဘုံသာဘုရားကြီးကိုလည်း ဝင်ရောက် ဖူးမြော်လို့ရပါတယ်။ အသောကမင်းတည်ခဲ့တဲ့ ဘုရားတစ်ဆူလို့လဲသိရပါတယ်။ ဘုရားဝန်းထဲမှာ အသောကမင်းရဲ့ ရေကန်လည်းရှိပါတယ်။ နှစ်စဉ်နှစ်တိုင်း ဘုရားပွဲကျင်းပလေ့ရှိတယ်လို့လည်းသိရပါတယ်။

မီးခွက်စျေး နဲ့ ကလေးမြို့မစျေး

••••••••••••••••••••••••••••••••••

မီးခွက်စျေးကတော့ အာရုံတက်ချိန်မှာဖွင့်တဲ့စျေးလေးပေါ့။ ကလေးမြို့ရဲ့နာမည်ကြီးစျေးတစ်ခုပဲဖြစ်ပါတယ်။ မနက် (၄) နာရီလောက်တည်းက စျေးဝယ်သူ ခရီးသွားဧည့်သည့်တွေနဲ့ စည်ကားနေတဲ့စျေးပါ​။ သွားချင်တယ်ဆိုရင်တော့ မနက်အစောကြီးအိပ်ယာထပြီးသွားရမှာပေါ့

မိုးလင်းမှသွားမယ်ဆိုရင်တော့ ကလေးမြို့မစျေးကိုသွားလို့ရပါတယ်။

ရှုခင်းသာ View Point

••••••••••••••••••••••••••

View point မရောက်ခင် နေရာလေး လှလို့ဆင်းရိုက်

ကလေးမြို့ တာဟန်းရပ်ကွက်ကနေဆက်သွားရင် ခိုင်ကမ်းဆိုတဲ့နေရာကိုရောက်ပါတယ်။ ချင်းနဲ့ ကလေးနယ်စပ်ဖြတ်ကျော်နေရာလေးပေါ။ အဲ့ဒီနေရာကနေ အနည်းငယ်ထက်တက်သွားရင် ကလေးတစ်မြို့လုံးကိုအပေါ်စီးကနေ မြင်ရမယ့် View point ကိုရောက်မှာဖြစ်ပါတယ်။ ဒယ်အိုးပုံစံရှိတဲ့ ကလေးမြို့လေးကို အပေါ်စီးကနေ ခံစားလို့ရပီပေါ့။

အလယ်က ချိုင့်လေးက ကလေးမြို့ပေါ့
တောင်ပေါ်နဲနဲပဲတက်ရသေးတယ် တိမ်ပင်လယ်မြင်ရပီလေ

သိုင်းငင်းရွာ

••••••••••••••••

သိုင်းငင်းရွာမှာ

ချက်ချင်းဆိုသလို ရာသီဥတုပြောင်းလဲသွားပြီး ချမ်းစိမ့်စိမ့်ရာသီဥတုလေးနဲ့ အရသာရှိလှတဲ့ ကြက်ပေါင်းပူပူလေးကိုစားချင်ရင်တော့ သိုင်းငင်းရွာလေးကိုရောက်အောင်သွားပါ။ ချယ်ရီပွင့်ချိန်ဆို တစ်ရွာလုံး ချယ်ရီပင်တွေကြားမှာ သိပ်လှလွန်းပါတယ်။ ကလေးမြို့ကနေ တောင်ပေါ်ကို ၁ နာရီကျော်လောက်ပဲမောင်းရပါတယ်။ ရာသီဥတု ၂ မျိုးကိုလည်း တစ်ပြိုင်တည်းခံစားရမယ့် တောင်အမြင့်ဆုံးမှာရှိတဲ့ ရွာလေးပါ။

လေထန်ကုန်း

••••••••••••••••

လေထန်ကုန်းမှာ အရမ်းလှလို့ မနေနိုင်ဘူး ဆင်းရိုက်

သိုင်းငင်းကနေ ၁၅ မိနစ်ကျော်လောက်ဆက်မောင်းရင် လေထန်ကုန်းကိုရောက်ပါတယ်။ နာမည်အတိုင်းပဲ လေအရမ်းတိုက်လွန်းလို့ အဝတ်စပစ်ချရင်တောင် အောက်မကျပဲ ပြန်တက်လာတဲ့နေရာလို့နာမည်ကြီးပါတယ်။ လေအရမ်းတိုက်လွန်းတော့ တောင်ကတုံးဖြစ်နေပြီး ဓာတ်ပုံရိုက်လို့လဲကောင်း အရမ်းလဲလှတဲ့နေရာတစ်ခုပါ။နောက်ထပ် တီးတိန်၊ ရိဒ်ရေကန်စတဲ့နေရာတွေလည်းသွားလို့ရပါတယ်။ သိုင်းငင်းလမ်းခွဲကဆိုရင် ဟားခါး၊ ဖလမ်းအထိ သွားလို့ရပါသေးတယ်။

လေထန်ကုန်း
ဆိုင်ကယ်လေးနဲ့ဆို သိပ်မိုက်

ခရီးလမ်းကြောင်း

••••••••••••••••••••

ရန်ကုန်ကနေ ကလေးကို လေကြောင်းလမ်းနဲ့ ကားလမ်းနှစ်မျိုးရှိပါတယ်။ ရန်ကုန်-ကလေး Express စီးမယ်ဆိုရင် High Class၊ ချင်းတောင်တန်း စတဲ့ကားလိုင်းတွေရှိပါတယ်။ စီးမယ်ဆိုရင်တော့ VIP class ကိုသာစီးဖို့အကြံပြုချင်ပါတယ်။ အချိန်အကြာကြီး စီးရလို့ပါ။ 30000 ဝန်းကျင်လောက်ရှိပါတယ်။

ကလေးမြို့ရောက်ရင် ဘယ်မှာတည်းမလဲ

••••••••••••••••••••••••••••••••••••••••

Hotel GBH Holiday VillaMajesty Hotel စသဖြင့်အများကြီးရှိပါတယ်။ စျေးလည်း အကုန်လုံးအသင့်အတင့်ပါပဲ။သဒ္ဓါတို့သွားတုန်းကတော့ Hotel GBH မှာပဲတည်းခဲ့ပါတယ်။

Hotel Link

••••••••••

https://www.facebook.com/hotelgbh.kale/https://www.facebook.com/Holiday-VILLA-100642691424493/

ကလေးမြို့မှာလက်ဆောင်ဝယ်မယ်၊ ချင်းရိုးရာအထည်တွေ၊ ချင်းရိုးရာပစ္စည်းဆန်းဆန်းလေးတွေ ဝယ်ချင်ရင်တော့ ” တာဟန်းသူ” ဆိုတဲ့ဆိုင်ရှိပါတယ်။ TD တို့ရောက်တိုင်းလည်းအဲ့မှာပဲဝယ်ပါတယ်။ တစ်ဆိုင်လုံး လိုချင်စရာတွေကြီးပါပဲ။ ချင်းအထည်တွေသာမက ချင်းလွယ်အိတ်၊ နားကပ်၊ ဆွကြိုး၊ ချင်းဝတ်စုံတွေလည်း စုံစုံလင်လင်ရှိပါတယ်။ ဆိုင်ကတာဟန်းရပ်ကွက်ထဲမှာပါ။

အောက်မှာ Link ပေးထားပါတယ်။

https://www.facebook.com/tahanthu/https://www.facebook.com/tahanthu.chintraditionalshop

တာဟန်းသူ

ကလေးမြို့မှာစားစရာ

•••••••••••••••••••••

နေ့လည်စာကို မြန်မာထမင်းဟင်းစားချင်ရင်တော့ ရွှေလက်ရာ ဆိုတဲ့ဆိုင်က တော်တော်စားကောင်းပါတယ်။ ကားသမားတိုင်းလည်းသိပါတယ်။နောက်ပြီးတော့ ကျေးဇူးတော် ဆိုတဲ့ ဆိုင်က ဆာဗူးသီး စားခဲ့ပါ အရမ်းကောင်းပါတယ်။အောက်မှပေးထားတဲ့ Link ကတော့ ကလေးမြို့မှ မုန့်တီဆိုင်ပေါင်းချုပ်ပါ။ တစ်ခြား Blogger တစ်ယောက်ရေးထားပေးတာပါ။

https://www.facebook.com/groups/261279711731802/permalink/270430054150101/

အားလုံးပဲ ဒီလောက်ဆိုရင် အဆင်ပြေပြေနဲ့ ကလေးမြို့လေးကို သွားလည်လို့ရမယ်ထင်ပါတယ်။ ချင်းပြည်နယ်အကြောင်း ဖတ်ချင်ရင်တော့ Link လေး ရေးပေးထားတယ်နော်

ချင်းပြည်နယ်မြို့များ Blog Link

•••••••••••••••••••••••••••••••

https://www.facebook.com/648027725593501/posts/1042345399495063/?d=n

အဆုံးထိဖတ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင်

#TDsTravelNotes#Kalay

Credit : https://www.facebook.com/TravelholicThader/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img