fb_icon

bnr_tob_1

2020.01.21SOCIAL

လူတစ်ကိုယ် စိတ်အထွေထွေ (DID)

(DID) ရဲ့ စာလုံးအပြည့်အစုံကတော့ Dissociative Identity Disorder ပဲ ဖြစ်ပါတယ်။ Dissociative Identity Disorder ကို မြန်မာလိုဘာသာပြန်လိုက်ရင်တော့ လူတစ်ကိုယ် စိတ်နှစ်မျိုးလို့ ယေဘုယျအားဖြင့် ပြန်ဆိုကြပါတယ်။ အမှန်ကတော့ လူတစ်ကိုယ်မှာ စိတ်နှစ်မျိုးထက်ပိုတဲ့အကြောင်းကို အမေရိကန်နိုင်ငံသား William Stanley Milligan ဆိုသူက သက်သေပြသွားပါတယ်။ ထိုသူသည် DID စိတ်ဝေဒနာကို ခံစားနေရသူဖြစ်ပါတယ်။ DID စိတ်ဝေဒနာရှင်ထဲမှာတော့ William Stanley Milligan သည် လူတစ်ကိုယ် စိတ် (၂၄)မျိုးကွဲထွက်နေတဲ့ ဝေသနာရှင်အဖြစ် မှတ်တမ်းတင်ခံရသူလည်း ဖြစ်ပါတယ်။ စိတ်ဝေဒနာကို လေ့လာမယ်ဆိုလျှင် အမျိုးအစားအများကြီး ရှိပါတယ်။ စိတ်ဝင်စားဖို့လည်း အရမ်းကောင်းပါတယ်။ စိတ်ပညာရှင်မဟုတ်တဲ့ မိမိတို့လိုသာမန်စိတ်ဝင်စားသူများအဖို့ကတော့ စာဖတ်ခြင်းဖြင့် လေ့လာနိုင်ပါတယ်။ ပညာရှင်တစ်ဦးဆီမှာ လေ့လာနိုင်မယ်ဆိုလျှင်တော့ ပိုပြီးကောင်းပါတယ်။

Dissociative Identity Disorder (DID) စိတ်ဝေဒနာကို ငယ်စဉ်အခါက ပြင်းပြင်းထန်ထန်နှိပ်စက်ခံရသူ၊ Child Abuse ခံခဲ့ရသူတွေမှာ ဖြစ်ပွားခြင်းအများဆုံးပါ။ ငယ်စဉ်အခါမှာ ကြီးမားပြင်းထန်သည့် စိတ်ဒဏ်ရာတွေကို မှန်ကန်သောနည်းလမ်းဖြင့် ဖြေရှင်းနိုင်စွမ်းမရှိကြသည့်အတွက် လမ်းလွဲသွားခြင်းမျိုးဖြစ်ပါတယ်။ သူတို့တွေခံစားရသည့် နှိပ်စက်မှုတွေ၊ စိတ်ဒဏ်ရာတွေကို ကာကွယ်ပေးမယ့်သူ၊ လက်ရှိဘဝနှင့်ပြောင်းပြန်ဖြစ်နေသော သူတို့အားကျစိတ်ကူးယဉ်နေသည့်ဘဝမျိုးရှိသည့် စိတ်နှင့်လူကိုဖန်တီးပြီး သူတို့ခံစားနေရတာကို မေ့သွားအောင်ပြုလုပ်ခြင်းမျိုး ဖြစ်ပါတယ်။ ထိုသူတို့သည် သူတို့ဖန်တီးထားသည့် နောက်လူတစ်ယောက်အဖြစ်ပြောင်းသွားသည့်အခါတွင် လုပ်ဆောင်ပြုမူခဲ့သည်များကို မူရင်းစိတ်ပြန်လည်ဝင်ရောက်လာချိန်တွင် မည်သည့်အကြောင်းအရာကိုမှ မှတ်မိခြင်းမရှိပါဘူး။

DID ဝေဒနာရှင်တွေကို အပြင်လောကမှာထက် ဇာတ်လမ်းတွေ၊ ဝတ္တူတွေမှာပဲ ရင်းနှီးနေကြပါတယ်။ အနုပညာပုံဖော်မှုတွေထဲမှာ လွဲမှားနေသည့်လက္ခဏာများ ပါဝင်ရိုက်ကူးမှုတွေရှိနေခြင်းကြောင့် စိတ်ပညာရှင်များက တခြားသူများက DID ဝေဒနာရှင်တွေအပေါ် အမြင်မှားအထင်လွဲခြင်းတွေ ဖြစ်လာနိုင်တာကြောင့် တချို့ ဇာတ်ကားတွေကို ကန့်ကွက်မှုတွေ ရှိခဲ့ကြပါတယ်။ DID ဝေဒနာရှင် ဇာတ်ကောင်တွေကို အနုပညာဖန်တီးသူများက အတော်မျက်စိကျခဲ့ကြပါတယ်။ ရုပ်ရှင်မပေါ်သေးမီကာလဖြစ်သော (1886) လောက်က Robert Louis Stevenson ဆိုသူရေးသားခဲ့တဲ့ The Strange Case of Dr Jekyll and Mr Hyde ဝတ္ထူတွင် လူတစ်ယောက်ထဲဖြစ်ပေမဲ့ လုံးဝကွာခြားနေတဲ့ စိတ်နှစ်မျိုးကို ပုံဖော်ရေးသားထားခဲ့ပါတယ်။ ထိုဝတ္ထူကို (1931) ခုနှစ်တွင် Rouben Mamoulian ဆိုသူက ရိုက်ကူးပြီး Paramount Pictures မှဖြန့်ချီခဲ့ပါတယ်။ ထိုဝတ္ထူ၏နာမည်ကို မှီငြမ်းပြီး Hyde jekyll & Me ဆိုသည့် ကိုရီးယားဇာတ်လမ်းတွဲကို မင်းသား Hyun Bin (ဟွန်ဘင်း) နှင့် မင်းသမီး Han Ji Min (ဟန်ဂျီမင်း) တို့တွဲဖက်ရိုက်ကူးထားသည့် ဇာတ်လမ်းမှာလည်း အောင်မြင်ခဲ့ပါတယ်။ (မှတ်ချက် ။ ။ စာရေးသူမှာ ကိုရီးယားဇာတ်လမ်းတွဲကိုသာ ကြည့်ဖူးပြီး မူရင်းဝတ္ထူ နှင့် ဇာတ်လမ်းကိုမကြည့်ဖူးခဲ့ခြင်းကြောင့် ဇာတ်လမ်းကျောရိုးတူမတူကိုတော့ မသိပါ။)

Dissociative Identity Disorder ကို အခြေခံပြီးရိုက်ကူးခဲ့ကြသည့် Psycho, Split, Identity နဲ့ Fight Club တို့လို လူသိများကျော်ကြားတဲ့ရုပ်ရှင်များစွာလည်း ရှိပါတယ်။ ထိုဇာတ်လမ်းထဲမှ DID ခံစားရတဲ့ ဇာတ်ကောင်များကဲ့သို့ အပြင်လောကတွင်ရှိသော DID ဝေဒနာရှင်များနှင့် ကွာခြားမှုတွေရှိခဲ့တယ်လို့ ပြောဆိုထောက်ပြကြသူတွေ၊ ကန့်ကွက်သူတွေလည်း ရှိခဲ့ကြပါတယ်။ မြန်မာရုပ်ရှင်လောကရဲ့ တီထွင်ကြံဆမှု၊ ခံစားသက်ဝင်အားကောင်းသော ဦးဝင်းဦးသည်လည်း ခေတ်ရှေ့ပြေးသူဖြစ်ကြောင်းကို “ ဆောင်းအိမ်မက်” ရုပ်ရှင်ကြည့်ခဲ့ဖူးတဲ့ သူတွေဆိုသိမှာပါ။ နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားတဲ့ “ ဆောင်းအိမ်မက်” တော်တော်နာမည်ကြီးပြီး ကြည့်ရသည့်လူတိုင်း ကြောက်ခဲ့ရသည့် စိတ်ဝင်စားစရာ ဇာတ်လမ်းကောင်းဖြစ်ပါတယ်။ ထိုဇာတ်ကားတွင်လည်း Schizophrenia (စိတ်ကစဉ့်ကလျား) ရောဂါနှင့် Dissociative Identity Disorder ကိုရောထွေးရိုက်ကူးထားပါတယ်။ Schizophrenia (စိတ်ကစဉ့်ကလျား) ရောဂါဟု ဇာတ်လမ်းတွင် ပြောပြထားပေမဲ့ Dissociative Identity Disorder ပုံစံမျိုးရိုက်ကူးထားခြင်းကြောင့် ပြောဆိုခဲ့ကြခြင်းဖြစ်ပါတယ်။

အလားတူသော DID ကိုအခြေခံရိုက်ကူးထားသည့် Psycho ဆိုလျှင်လည်း စိတ္တဇလူသတ်သမား Ed Gein ရဲ့ ဖြစ်ရပ်ကိုအခြေခံရိုက်ကူးထားသည့် ဇာတ်လမ်းဖြစ်ပါတယ်။ Ed Gein သည် အပြင်လောကတွင် Schizophrenia (စိတ်ကစဉ့်ကလျား) ရောဂါ ရှိသူတစ်ဦးဖြစ်ပါတယ်။ မိမိစိတ်နှင့် မိခင်ဖြစ်သူရဲ့စိတ် နှစ်မျိုးဖြစ်နေတဲ့လူသတ်သမားအဖြစ် ပုံဖော်ထားခြင်းဖြစ်ပါတယ်။ Split မှာဆိုလျှင်လည်း စိတ်များစွာကွဲထွက်နေပြီး ထိုစိတ်များကိုဘယ်လိုအနိုင်ယူမလဲ ဆိုတာကို ရိုက်ကူးထားခြင်းမျိုး ဖြစ်ပါတယ်။ DID စိတ်ဝေဒနာခံစားရသူများသည် သူများကို ဒုက္ခပေးဖို့ထက် မိမိကိုယ်ကိုယ် ဒုက္ခဖြစ်စေဖို့က ပိုပြီးနီးစပ်ပါတယ်။ ကြမ်းတမ်းသည့်စရိုက်လဏ္ခာမျိုးက ရှားပါးလှပါတယ် လို့ သုတေသနပညာရှင်များက သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကောင်များကို ကြမ်းတမ်းစွာသရုပ်ဖော်ထားသောကြောင့် တကယ့်ဝေဒနာရှင်များကို တခြားလူတွေက အမြင်မှားပြီးကြောက်ရွံခြင်းများကြောင့် အစကတည်းက လောကကြီးကိုရင်ဆိုင်ရပ်တည်ဖို့ ခက်ခဲနေသည့် ဝေဒနာရှင်များကို ပိုပြီးစိတ်ဒဏ်ရာရစေသောကြောင့် စိတ်ရောဂါသုတေသနအဖွဲ့များမှ ကန့်ကွက်ခြင်းနှင့် အိတ်ဖွင့်ပေးစာတွေ ပေးခဲ့သည်အထိ လုပ်ဆောင်ခဲ့ကြပါတယ်။

DID ကိုတော့ အထက်မှာဖော်ပြခဲ့ ပြီးပါပြီး။ Schizophrenia (စိတ်ကစဉ့်ကလျား) ရောဂါကို အကျဉ်းချုံးဖော်ပြပေးပါမယ်။ Schizophrenia (စိတ်ကစဉ့်ကလျား) ရောဂါဖြစ်ပေါ်စေသည့် အဓိကအကြောင်းအရင်းမှာ မျိုးရိုး၊ ငယ်စဉ်ဘဝ၊ ဦးနှောက်ဆိုင်ရာ ဇီဝဗေဒ၊ စိတ်ပညာဆိုင်ရာ နှင့် လူမှုရေးဆိုင်ရာ အဖြစ်အပျက်အများတို့ဖြစ်ပါတယ်။ တွေးတောခြင်းဆိုင်ရာဖြစ်စဉ်များနှင့် စိတ်ခံစားခြင်းဆိုင်ရာ တုန့်ပြန်ကစဉ့်ကလျား ဖြစ်နေသော စိတ်မူမမှန်ခြင်း တစ်မျိုးပင်ဖြစ်သည်။ ထိုရောဂါဝေဒနာ ခံစားနေရသောသူသည် မရှိသောအသံများကို ကြားနေရခြင်း၊ အကြောင်းမဲ့ကြောက်ရွံ့ခြင်း သို့မဟုတ် ထူးဆန်းသော ထင်ယောင်ထင်မှားများ ဖြစ်နေခြင်း၊ စကားပြောဆိုရာနှင့် တွေးခေါ်ရာတွင် အဆက်အစပ်မဲ့နေခြင်းများ ဖြစ်နေပြီး ထို့အတွက်ကြောင့် လူမှုရေးနှင့် အလုပ်အကိုင်များတွင် ကမောက်ကမ ဖြစ်နေတတ်ပါတယ်။ ထိုသို့သော ရောဂါလက္ခဏာများကို လူကြီးဖြစ်ခါစအချိန်တွင် တွေ့ရတတ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်ယှဉ်လျှင် လူဦးရေ၏ ဝ.၃ ရာခိုင်နှုန်းမှ ဝ.၇ ရာခိုင်နှုန်း အထိ ရှိတတ်ပါတယ်။

ရုပ်ရှင်ဇာတ်လမ်းများတွင် ကြည့်ရှုသူကို လျှို့ဝှက်နက်နဲမှုများ၊ ရက်စက်မှုများ၊ ကြောက်ရွံမှုများဖြင့် ဇာတ်ရှိန်ကိုမြှင့်ပြီး ဆွဲခေါ်ထားခြင်းမျိုးတွေ ဖြစ်ပါတယ်။ တကယ့်အပြင်လောကနှင့်လွဲမှားနေမှုများ ရှိနေတတ်ပါတယ်။ စိတ်ပညာအခြေခံထားသည့် ဇာတ်လမ်းများသာမက တခြားသောအပြင်ဘက်လောကရှိအကြောင်းအရာများကို ဖန်တီးရာတွင် သူတို့ဖန်တီးထားသောဇာတ်ကောင်၏ စိတ်ခံစားချက်တွေ၊ ဒုက္ခတွေနှင့် အခြားသောဖြစ်ရပ်မှန်များကို အမှန်တိုင်းသိမြင်မှသာ ကြည့်ရှုသူလူထုမှ စာနာဖေးမမှုတွေရှိလာပြီး ထိုအပယ်ခံဘဝတွေ၊ ဝေဒနာရှင်တွေအကျိုးကို ကိုယ်တတ်စွမ်းသည့်ဘက်မှ ပံ့ပိုးမှုကိုလုပ်ဆောင်နိုင်မယ့် အချက်ကိုလည်း ထည့်သွင်းစဉ်းစားရင်း လောကကြီးကို အလှဆင်နိုင်ကြပါစေ။

မှတ်ချက် ။ ။ အထက်ပါဖော်ပြချက်များသည် အနှစ်ချုပ်ရေးသားထားခြင်း ဖြစ်ပါတယ်။ ထိုသို့ အတိုချုပ်ရေးသားခြင်းကြောင့် မပြည့်စုံမှု၊ လွဲမှားမှုများတစ်စုံတစ်ရာရှိခဲ့လျှင် စာရေးသူမှတောင်းပန်အပ်ပါတယ်။ စိတ်ဝင်စားလို့ အကျယ်တစ်ဝင့်ဖတ်ရှုရန်အတွက် စာရေးသူ ကိုးကားအသုံးပြုထားသည့် Link များကို အောက်တွင်ဖော်ပြပေးလိုက်ပါတယ်။

Ref : https://en.wikipedia.org/wiki/Dissociative_identity_disorder,
https://www.theguardian.com/film/2017/jan/12/cinema-dissociative- personality-disorder-split-james-mcavoy


By : Yathaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img