bnr_tob_1

2020.08.11SOCIAL

မဲစာရင်းစစ်ဆေးခြင်းနှင့် ပြည်သူ့အသံ

စမ်းချောင်းမြို့နယ်လင်းလွန်း(မြောက်) ရပ်ကွက်တွင် မဲစာရင်းလာရောက်စစ်ဆေးနေသူများအား ဩဂုတ် ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၇ ရက်အထိ ၁၄ ရက်ကြာ ထုတ်ပြန်ကြေညာရန် သတ်မှတ်ခဲ့သော်လည်း မဲစာရင်းမှားယွင်းမှုအများအပြားရှိနေခြင်းကြောင့် မဲစာရင်းစစ်ဆေးရန်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တစ်ပတ်ထပ်မံတိုးမြှင့်ခဲ့သည်။ သို့သော်လည်း မဲစာရင်းသွားရောက်မစစ်ဆေးမှုများလည်းရှိနေဆဲဖြစ်ရာ ယင်းအခြေအနေများနှင့်ပတ်သက်၍ ပြည်သူအချို့၏ စကားသံများကို ဖော်ပြလိုက်ပါသည်။

ဒေါ်ထုမေ (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
ကျွန်မရဲ့ ဆွေမျိုးနီးစပ် မိသားစုသုံးစုကို စစ်ကြည့်ပါတယ်။ သုံး မိသားစုလုံးမဲစာရင်းမှာ မပါပါဘူး။ ကျွန်မတို့ မိသားစုဆိုရင် ရန်ကုန်မှာ နှစ်ပေါင်း (၂၀)ကျော်နေလာခဲ့ပြီ။ အမြဲတမ်းနေတဲ့ ဒီလိပ်စာအတိုင်းပဲ မြေညီထပ်၊ အိမ်မှာအမြဲတမ်းလူရှိတယ်။ ဒီလိုမျိုးအခြေအနေမှာတောင် ကျွန်မတို့ မိသားတစ်စုလုံး မဲစာရင်းမှာ မပါပါဘူးရှင့်။ ကျွန်မရဲ့ မောင် တစ်ဝမ်းကွဲအိမ်ဆိုရင်လည်း သူတို့နေတာ သုံးနှစ်မကရှိပြီ။ ဒါပေမဲ့ မဲ စာရင်းမှာ မပါဘူး။ နောက်အမျိုးတစ်ယောက်မိသားစုဆိုရင် နှစ်ပေါင်း (၄၀)လောက်ရှိပြီ။ ဒါပေမဲ့ မိသားစု တစ်ခုလုံး မဲစာရင်းမှာ ပါမလာဘူး။ ဆိုတော့စာရင်းကောက်တဲ့အခါ အမှားအယွင်းရှိနိုင်တယ် အခက်အခဲရှိနိုင်တယ်။ ကျွန်မတို့က အမှားအယွင်းရှိတာ လုံးဝသဘောမကျဘူး။ အတိုင်းအတာတစ်ခုအထိ မိသားစု အစုလိုက်မပါတဲ့ဟာအများကြီးပဲ။ ဒီအခြေအနေကို ကျွန်မစိုးရိမ်တယ်။ ဒါကြောင့်မို့အခု ကောက်ခဲ့တဲ့စနစ်ကို ပြန်သုံးသပ်ပြီးလို့ရှိရင် အခုလိုမျိုး ဒီထက်မက ရက်တိုးဖို့တော့လိုမယ်။ UEC အနေနဲ့ရော၊ ပါတီတွေ အနေနဲ့ရော၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအနေနဲ့ရော ပြည်သူတွေကို မဖြစ်မနေ မဲစာရင်းကြည့်ပြီးလို့ရှိရင် မဲပေးဖို့ တွန်းအားပေးရမှာဖြစ်ပါတယ်။ အခုအခြေအနေက မဲစာရင်း လည်း မမှန်ကန်ဘူး။ ပြီးလို့ရှိရင် မဲစာရင်းမှာ မပါတဲ့သူတွေများတဲ့အခါမှာ ဒီလုပ်ရတဲ့လုပ်ငန်းစဉ်ကို ပြည် သူတွေ စိတ်ပျက်ကြရတယ်။ အမှားအယွင်းတွေ သိပ်များနေတယ်ပေါ့။ ဒီနိုင်ငံအခြေအနေကို ကျွန်မတို့က လက်ပိုက်ပြီးတော့ မဖြစ်ပါဘူး၊ မဲမပေးတော့ဘူး၊ လုပ်ရတာလည်း ခက်ခဲပါတယ်ဆိုလို့ရှိရင် ကျွန်မတို့ နိုင်ငံ က ဒီအတိုင်းပဲ ငြိမ်သွားမှာပါ။ ပြည်သူတွေ တက်ကြွမှ နိုင်ငံရေးသမားတွေ အစိုးရတွေ ဒီထက်မက အလုပ် လုပ်ဖို့ ပြည်သူတွေအားတွေ လိုပါတယ်။ ပြည်သူက မရှိဘဲ နိုင်ငံကိုတည်ဆောက်ဖို့လူမျိုးတွေ တည်ဆောက် ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ UEC အနေနဲ့ (သို့မဟုတ်)အဆင့်ဆင့်ကောက်တဲ့ဌာနအနေနဲ့ အတိုင်းအတာအားဖြင့် အခက်အခဲရှိတယ်ဆိုတာ ကျွန်မတို့ သိသွားပြီ။ ဒါကနေပြီး နောင်မှာ မရှိအောင် အခုရှိနေတာကို ပြုပြင်ဖို့ ဒီရက်အတောအတွင်းမှာ ပြည်သူတွေ အချိန်ပေးပြီး ကိုယ့်ရဲ့ မဲစာရင်းတွေကို သေချာစစ်ဖို့ပေါ့။ ဒါတွေကို ကျွန်မတို့က တွန်းအားပေးတယ်။ ဘာကြောင့်လဲဆိုရင် ဒီစနစ်ကို ပြိုင်တူတွန်းရမှာ။ မပါတဲ့ဟာကို ပါလာ အောင်ဘယ်လိုလုပ်မလဲ။ ဒီ UEC တို့ အချက်အလက်ကောက်တဲ့ ဌာနဆိုင်ရာတွေကို ကျွန်မတို့ ဘယ်လို တွန်းအားပေးကြမှာလဲ။ ကျွန်မတို့ အချက်အလက်တွေ မှားနေလို့ မဲမပေးတော့ဘူးဆိုရင် နောင်မှာ ဒီဟာကို လိုချင်တဲ့သူတွေက ဒီအတိုင်းပဲလုပ်တော့မှာပေါ့။ NO Vote နဲ့ပတ်သက်ပြီး ဆောင်ရွက်နေကြတဲ့သူတွေရှိ တယ်။ ဒါပေမဲ့ NO Vote လုပ်ခြင်းက ဒီမိုကရေစီကို မသွားနိုင်ပါဘူးရှင့်။

ဒေါက်တာလှမိုး (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
မဲစာရင်းကြည့်ရှုဖို့ အပိုင်းကတော့ အားလုံးဝိုင်းဝန်းဆောင်ရွက် နေပါတယ်။ မဲစာရင်းမှန်ကန်ဖို့အတွက်ပေါ့။ ပုံစံ(၃)၊ ပုံစံ-၃(က) ပုံစံ – ၄၊ ပုံစံ-၄(ဃ) အဆင့်ဆင့် ဆောင်ရွက်ဖို့ရာလည်း ဆရာတို့ပါတီဝင် တွေရော နောက်ပြီး သက်ဆိုင်ရာ ကော်မရှင်၊ သက်ဆိုင်ရာ ရပ်ကျေးအုပ် ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေအားလုံး ဝိုင်းဝန်းဆောင်ရွက် နေပါတယ်။ ဆောင်ရွက်နေတဲ့အတွက် မဲစာရင်းလေးကို ကြည့်ဖြစ် အောင်ကြည့်ပေးပါ။ အဓိကတော့ မဲပေးချင်ပါလျက်နဲ့ မဲပေးခွင့်စာရင်း ထဲမှာ မပါလို့ မပေးရဘူးဆိုတာကို မရှိရလေအောင် အစွမ်းကုန်ကြိုးစားပြီး ဆောင်ရွက်နေပါတယ်။ မဲစာ ရင်းတွေ မှားတယ်ဆိုတာကလည်း နံပါတ်(၁)အချက်က ၂၀၁၅ စာရင်းကို အခြေမခံတော့ဘူး။ အခြေမခံတော့ ဘဲနဲ့ ရွေးကောက်ပွဲကော်မရှင်ကို ဥက္ကဋ္ဌထားပြီးမှ လဝကပါတယ်၊ ရွေးကောက်ပွဲကော်မရှင်ပါတယ်၊ ထွေ အုပ်ပါတယ်။ သူတို့အားလုံးပေါင်းပြီးတော့ အရှိစာရင်းကို ကောက်လိုက်တာ။ အရှိစာရင်းကို ကောက်တဲ့ အချိန်မှာ တချို့က အိမ်တံခါးပိတ်ထားတာရှိမယ်၊ တချို့တွေက ပုံစံ-၁၀ရှိတယ်လူမရှိဘူး။ တချို့က လူရှိ တယ်၊ ပုံစံ-၁၀ မရှိဘူး။ အဲဒီလိုမျိုးတွေမှာ လွတ်သွားတာတွေလည်း ရှိတယ်။ ပထမအကြိမ် အကြမ်းဖြစ် တဲ့အတွက်ကြောင့် ဒုတိယအကြိမ်မှာတော့ ဒီထက် စုံစုံလင်လင်ဖြစ်လာမှာပါ။ အနီးစပ်ဆုံး တိတိကျကျ လေးဖြစ်လာမှာပါ။ အဲဒီအတွက်ကြောင့် ပြည်သူပြည်သားတွေဘက်က အတတ်နိုင်ဆုံး မိမိတို့ မဲစာရင်း ပါ၊ မပါပေါ့။ အခုလည်း အိမ်တိုင်ရာရောက်လိုက်ပြီး မဲစာရင်းတွေ စစ်ပေးနေကြပါပြီ။ စစ်တဲ့အခါ ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်ကြဖို့ပေါ့။ အဓိကတော့ လဝကရယ်၊ ထွေအုပ်ရယ် အဓိကပေါ့။ ထွေအုပ်ဆိုတာ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ။ သူ့အောက်မှာ ရာအိမ်မှူး၊ ဆယ်အိမ်မှူးရှိတယ်။ သူတို့ရပ်ကွက်အကြောင်း သူတို့ အသိဆုံးလေ။ သူတို့က တစ်အိမ်ဝင်၊ တစ်အိမ်ထွက်ပြောကြမယ်။ ပြောပြီးရင် လဝကက လိုက်ပြီး ဖြည့် ဆည်းပေးရမယ်။ မှတ်ပုံတင်နံပါတ်မှန်အောင်၊ နာမည်မှန်အောင်။ ပြီးရင် မဲပေးခွင့်ရှိသူ ဟုတ်၊ မဟုတ်။ မှတ်ပုံတင်မှန်တယ်၊ အိမ်ထောင်စုမှန်တယ်၊ လူနေတာ မှန်ပေမယ့်လည်း မဲပေးခွင့်ရှိသူ ဟုတ်၊မဟုတ်ဆိုတာ လိုသေးတာကိုး။ အခုတော့ ခုနစ်ရက်တိုးပေးလိုက်တဲ့အတွက်အားလုံး စိတ်ဝင်တစားရှိကြပါတယ်။ အား လုံးလည်း ဆောင်ရွက်နေကြပါတယ်။

ဦးဇင်မင်းဆွေ (မန်နေဂျင်းဒါရိုက်တာ၊ CAD ဆောက်လုပ်ရေး)
မိသားစုတစ်ယောက်မှမပါဘူး။ အိမ်တိုင်ရာရောက် ရပ်ကွက်က မဲစာရင်း လာကောက်တယ်ပြောတယ်။ အရင် တစ်ခါကလည်းမဲပေးပြီး သားဆိုတော့ အိမ်ပြောင်းသွားပေမယ့် အိမ်ထောင်စုဇယားလည်း မပြောင်းရသေးတော့ ပါမယ်ထင်တာ။ ပြန်စစ်ကြည့်မိလို့ပေါ့။ တကယ် ဆိုရင် အရင်တစ်ခါမဲပေးပြီးသားပဲဆိုတော့ ပါသင့်တယ်လေ။ ကျွန်တော် တို့လို အိမ်နေရာပြောင်းသွားပေမယ့် အိမ်ထောင်စုဇယားမပြောင်းရ သေးရင်လည်း မဲစာရင်း အခုလို မပါတာ ဖြစ်တတ်တယ်။ ဒီတော့ မဲပေး ဖို့  ဆန္ဒရှိသူတိုင်း မဲစာရင်းကို မဖြစ်မနေစစ်ဆေးသင့်တယ်။ အခုတော့ ဖောင်ပြန်ဖြည့်ပြီး တင်ထားရတယ်။ e-Government မဖြစ်နိုင်သေးတော့လည်း ဒီလိုပဲလုပ်ရမှာပေါ့။

ဒေါက်တာအောင်ဖြိုးဟိန်း (လားရှိုးမြို့)
မဲစာရင်းတွေလာလို့မှားလဲဆိုတော့ သက်ဆိုင်ရာ ရပ်ကျေးစာရေးရဲ့ လုပ်ဆောင်မှုကြောင့်လိုမြင်ပါတယ်။ ၂၀၁၅ တုန်းက သန်းခေါင်စာရင်း မှာ အခြေခံတယ်။ ၂၀၂၀ ကျတော့ ရွေးကောက်ပွဲကော်မရှင်က သီးသန့် ကောက်တယ်လို့ပြောတယ်။ သေတဲ့သူတွေ နာမည်စာရင်းပါတာက တော့ သက်ဆိုင်ရာ အိမ်ထောင်စုတွေက ထုတ်ရမယ်။ သေသွားလား၊ မသေသွားလားဆိုတာ ရွေးကောက်ပွဲကော်မရှင်က မသိနိုင်ဘူး။ အခုက ရပ်ကျေးစာရေးတွေက အဓိကကျပါတယ်။ သူတို့က ထိထိရောက်ရောက် လုပ်ရမယ်။ နောက်ပြီး နာမည်တွေမှားတာ၊ အဖေ၊ အမေနာမည်တွေမှားတာကလည်း မဲစာရင်း စစ်ဆေး တဲ့နေရာမှာ လူ့စွမ်းအားအရင်းအမြစ်လို့တာရှိမယ်။ ဒါပေမဲ့ အသက်မှား၊ အမေ၊ အဖေနာမည်မှားရုံနဲ့ ရွေး ကောက်ပွဲမှာ မဲပေးတာတော့ ထိခိုက်မှာမဟုတ်လောက်ဘူး။ မဲစာရင်းမှာ ကျန်ခဲ့ရင်တော့ ရွေးကောက်ပွဲ မှာ မဲပေးခွင့်ရမှာမဟုတ်ဘူး။

ဦးစိုင်းလိတ်
(ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ)

ရှမ်းပြည်နယ်မှာ မဲစာရင်းကပ်ထားတာကို သွားရောက်လေ့လာ တဲ့သူ အင်မတန်ကို နည်းပါးပါတယ်။ သွားလေ့လာပြီးတဲ့သူတွေ တော် တော်များများကလည်း မဲစာရင်းအမှားတွေရှိတယ်ဆိုတာချည်းပဲ ပြော သံကြားရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင် မဲစာရင်းထဲမှာ ပါမလာတာ နှစ်မြို့နယ်လောက်ရှိပါတယ်။ ကျေးသီးပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဆိုလို့ရှိရင် သူ့နာမည်စာရင်း ပါမလာဘူးဗျာ။ နောက် မိုင်းရယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော်ဆိုရင် မိသားစုမှာ မဲထည့်ပိုင်ခွင့်က ငါးဦးရှိရင် အဲဒီ ငါးဦးစလုံးရဲ့အချက်အလက်တွေက အကုန်မှားတယ်ဗျ။ တစ်မျိုးမဟုတ် တစ်မျိုးမှားနေတာ။ နောက် မဲရုံတွေ တော်တော်များများက ရပ်ကွက်အုပ်ချုပ်ရေးရုံးနဲ့ တွဲထားတယ်။ ရပ်ကွက်အုပ်ချုပ်ရေးရုံးက နေ့တိုင်း မဖွင့်တဲ့အခါ စနေ၊ တနင်္ဂနွေပိတ်တဲ့အချိန် မဲစာရင်း တွေလည်း ကြည့်မရတဲ့ အနေအထားတွေလည်းရှိတယ်။ အခုနောက်ပိုင်းမှာ ပြန်ပြီးတော့ နောက်ထပ်တစ်ပတ် ထပ်တိုးလိုက်တာကို ကြိုဆိုတယ်။ ဒါပေမဲ့ တိုးလာတဲ့ ရက်အတွင်းမှာ လူထုကိုယ်တိုင် စိတ်ဝင်တစားသွားကြည့်ဖို့ဆိုတာက အစိုးရအနေနဲ့ UEC အနေနဲ့ ဒီထက် မက ပိုပြီး လှုံ့ဆော်ဖို့လိုအပ်တာပေါ့။ ပိုပြီးတော့ အသိပညာပေးဖို့လိုအပ်ပါတယ်။ နောက် နိုင်ငံရေးပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေလည်းဖွင့်ပေးဖို့လိုအပ်ပါတယ်။

ကိုသက်စိုးထိုက် (သံဘိုရွာသစ်၊ ချောက်မြို့နယ်)
မဲစာရင်းကို စိတ်တော့ စိတ်ဝင်စားကြတယ်။ တော်တော်များများ စစ်တော့ စစ်ကြတယ်။ ရွာဘက်တွေလည်း ရောက်တော့ မေးကြည့်တော့ မဲစာရင်းစစ်ပြီးပြီလားဆိုစစ်ပြီးပြီတဲ့ အဲဒီလိုပြောကြတယ်။ တချို့ အိမ် ထောင်စုတစ်ခုလုံး မပါတာတွေရှိတယ်။ အချို့ကမှတ်ပုံတင်နံပါတ်မှား တာ၊ အဖေနာမည် တစ်လုံးစ၊ နှစ်လုံးစလွဲနေတာလေးတွေရှိတယ်တဲ့။ မဲစာရင်းစစ်ဖို့လိုသလို ရွေးကောက်ပွဲမှာ မဲပေးဖို့လည်းလိုပါတယ်။ အခု က ပိုတောင်လိုအပ်လာပြီ။ အပြောင်းအလဲအရှိန်က ခုမှစမလို့ရှိသေး တယ်။ ဒီအရှိန်လုံးလုံးပျက်သွားရင် နောက်ဖြစ်လာစရာ အကြောင်းမရှိသလောက် ဖြစ်သွားမယ်။ မဲမပေးဖို့ ပြောတာတွေ လိုင်းမှာတက်လာရင် တော်တော်ကို အမြင်ကတ်တာ။ ဒီကိစ္စက ကိုယ့်ရဲ့ အခွင့်အရေးတစ်ခု အနေနဲ့ရော၊ တာဝန်အနေနဲ့ရော နောက်တစ်ခါ ကိုယ့်မျိုးဆက်အတွက်ရော တော်တော်လုပ်သင့်တဲ့ ကိစ္စပါ။ အခုလောလောဆယ် အရေးကြီးဆုံးက မဲစာရင်းစစ်ဖို့ပေါ့။ ကိုယ့်အချက်အလက် မှန်မမှန်၊ ပါမပါစစ်ဖို့။ နောက်တစ်ခါက ရွေးကောက်ပွဲ မဲပေးဖို့။ အဓိကက ကိုယ့်မျိုးဆက်အတွက် တော်တော်အရေးကြီးပါတယ်။ မဲပေးဖို့လည်းလိုတယ် မှန်မှန်ကန်ကန် ရွေးချယ်ဖို့လည်းလိုတယ်။

ဦးမျိုးသူရအေး (ဆန်စက်လုပ်ငန်းရှင်)
ပြည်သူတွေက မဲစာရင်းစစ်ဖို့က လိုတာတော့အမှန်ပဲ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မစစ်နိုင်တာတွေလည်းရှိတော့ စေတနာ့ဝန် ထမ်း(ဘော်လံဒီယာတွေနဲ့)အိမ်အရောက်မဲစာရင်းစစ်ပေးတာမျိုးတွေ  လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ အိမ်တစ်အိမ်မှာလူတစ်ယောက် ရှိမယ်။ သန်းခေါင်စာရင်းရှိရင် မဲစာရင်းက မှားစရာမရှိနိုင်ပါဘူး။ လူ တွေကလည်း နိစ္စဓူ၀ သူ့ကိစ္စနဲ့သူ ရုန်းကန်လှုပ်ရှားနေရတော့ စစ်ဖို့က အချိန်ပေးဖို့ခက်ကြတယ်။ အခုချိန်ကလည်းစီးပွားရေးအရ ပိုပြီးရုန်းကန် နေရတာကို။ မဲစာရင်းမှားတာကတော့ စနစ်တကျတိုက်ဆိုင်စစ်ဆေးဖို့ အားနည်းတာတွေရှိလို့ပါ။ ပြည်သူ တွေကလည်းစစ်မယ်။ စစ်နိုင်အောင်လည်း စေတနာ့ဝန်ထမ်းအဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်မယ်ဆိုရင် ပိုပြီးတော့ ကောင်းတာပေါ့။

ကိုဇော်မြင့်ဦး (မန္တလေး)
၂၀၁၀/၂၀၁၅ အထိ ရွေးကောက်ပွဲကြီးနှစ်ခုလုပ်ခဲ့တယ်။ မဲစာရင်း ကောက်ယူထားတဲ့ နာမည်တွေလည်းရှိနေတယ်။ ၂၀၁၅ မဲစာရင်းမှာ နာမည်မှန်တဲ့သူက ၂၀၂၀ မဲစာရင်းမှာနာမည်မှားနေပြန်ရော။ ဒီလိုမျိုး ဖြစ်တာတွေကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆို တော်တော်များ တယ်။ UEC အနေနဲ့ အရင်ရှိတဲ့ Data တွေအပေါ် အခြေခံပြီး သေဆုံး စာရင်းပယ်ဖျက်/ (၁၈)နှစ်ပြည့်တဲ့သူ အသစ်တိုးပုံစံနဲ့ သွားရင် ခုထက် အမှားနည်းနိုင်မလားလို့ မြင်မိတယ်။ ကိုယ့်အိမ်နီးချင်းနိုင်ငံတွေမှာတော့  မဲပေးခွင့်ကတ်ဆိုတာမျိုးရှိတယ်။ နိုင်ငံသားကတ်လိုမျိုးပေါ့။ မဲစာရင်းကြည့်တာတွေ၊ ဘာတွေ အလုပ် မရှုပ်တော့ဘူး။ အချိန်တန်ရင်မဲရုံမှာ နိင်ငံသားကတ်နဲ့ မဲပေးခွင့်ကတ်ယူသွားပြီး မဲပေးလိုက်ရုံပဲ။ ဒီလိုမျိုး လုပ်နိုင်ရင်တော့ အခုလို မဲစာရင်းတွေမှာ နာမည်၊ မိဘအမည် မှားတာတွေ မရှိသလောက်ဖြစ်သွားမယ်။ မဲပေးပိုင်ခွင့်ဆိုတာ နိုင်ငံသားတစ်ယောက်ရဲ့ အမြင့်ဆုံးရပိုင်ခွင့်ပဲ။ ဒါကြောင့်မို့ မဲပေးရမယ်။ မဲစာရင်းစစ်တိုင်း  အမြဲမှားနေတတ်တဲ့အတွက် ကိုယ့်ရဲ့ အမြင့်ဆုံးရပိုင်ခွင့်ဖြစ်တဲ့ မဲပေးပိုင်ခွင့်ကို မဆုံးရှုံးရအောင် မဲစာရင်း  မှာ နာမည် မှန်၊ မမှန် စစ်ဖို့ အရမ်းအရေးကြီးပါတယ်။ မဲစာရင်းမစစ်ဘဲ ရွေးကောက်ပွဲနေ့မှ မဲစာရင်းမှားနေရင် ကိုယ့်ရဲ့ မဲပေးပိုင်ခွင့် ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့်မို့ မဲစာရင်းကို သတ်မှတ်ထားတဲ့ အချိန်တစ်ခုအတွင်း မဖြစ်မနေ စစ်သင့်ပါတယ်။

ဒါရိုက်တာ ရီဇော်
ကိုယ့်အမေဆိုရင် ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်ကတည်း ကဆုံးသွားတာ။ အဲဒီတုန်းက မဲစာရင်းထဲမှာပါတယ်။ အဲဒါကတော့ ဆုံး ပြီးခါစဆိုတော့မဆန်းဘူးပေါ့။ ပြန်ပြင်လိုက်တော့မှန်သွားတယ်။ အခု ကျတော့လည်း အမေ့ရဲ့နာမည်ပါတုန်းပဲရှိသေးတယ်။ အဲဒါကိုပြန်ပြီး တော့ ကန့်ကွက်ခဲ့ရတယ်။ မဲစာရင်းတွေ လွဲမှားနေတာတော့ အမှန်ပဲ။ နိုင်ငံတော်ကလည်းသိပါတယ်။ အားလုံးနိုးနိုးကြားကြား သွားစစ်ကြရင် တော့ အကောင်းဆုံးပေါ့။ မကွေးမှာတော့ လူငယ်တွေက အိမ်တိုင်ရာ ရောက်မဲစာရင်းတိုက်ဆိုင်စစ်ဆေးပေးတဲ့အလုပ်တွေ၊ ဖောင်ဖြည့်ပေးတာတွေလုပ်ပေးတဲ့ Volunteer တွေ ပေါ်လာတာ ကြားရတော့ဝမ်းသာတယ်။ အခုမှစမဲပေးမယ့် လူငယ်တွေအတွက်ကတော့ အထူးသတိပြုဖို့ လိုအပ်တာက သူတို့ရှေ့က မျိုးဆက်တွေအားလုံးဟာ ဒီလိုရွေးကောက်ပွဲတွေ ပေါ်ပေါက်လာဖို့အတွက် အ သက်တွေ ဘဝတွေရင်းပြီးလုပ်ခဲ့တာကို မေ့မပစ်ဖို့လိုတယ်။ လူတစ်ယောက်ဘဝမှာ မဲပေးခွင့်ရဖို့မလွယ်ပါဘူး။ ဒီလိုနိုင်ငံမျိုးမှာ ပိုမလွယ်ပါဘူး။ အခုချိန်မှာ ဗကသကျောင်းသားတွေပြောသလို စစ်တစ်ပိုင်းအစိုးရဖြစ်နေ သေးသော်လည်း ဒီနိုင်ငံရဲ့ အခြေအနေအရပဲ ဖြစ်ထွန်းနေဦးမယ့်အခြေအနေဖြစ်တဲ့အတွက် မဲစာရင်းပေးဖို့ မပျက်ကွက်သင့်ဘူး။ မှားယွင်းမှုတွေ ဖြစ်တဲ့အပေါ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားဝိုင်းမှာတုန်းက ရှင်းလင်းချက်တွေအရ ရပ်ကျေးတွေကို ကောက်ခိုင်းတယ်ဆိုတဲ့ စကားပါတယ်။ ရပ်ကျေးတွေကလည်း အိမ်တိုင်ရာရောက် တစ်ခန်းဝင်၊ တစ်ခန်းထွက်မကောက်နိုင်ဘူးထင်ပါတယ်။ ဒါကြောင့်လည်း တချို့အိမ် တွေမှာ လွှဲမှားတာတွေအများစုကြုံရတာ။ ထပ်ပြီးတစ်ပတ်တိုးပေးလိုက်တာကြောင့်ရယ်၊ နောင်တစ်ချိန် ထပ်လာရင် ပြင်ဆင်ခွင့်ရှိသေးတာရယ်။ ကော်မရှင်အနေနဲ့ Seriously ပြင်ဖို့တော့လိုတယ်။ ရှေ့က ဦးသိန်း စိန်လက်ထက် ကော်မရှင်ကတောင် ဒီ့ထက် မှန်မှန်ကန်ကန်ဖြစ်အောင်ကြိုးစားပေးတာတွေ့ရတယ်လေ။  အဲဒီတော့ အလုပ်လုပ်ဖို့လိုသေးတယ်။ အားထုတ်ဖို့လိုသေးတယ်လို့ ထင်တယ်။

မဖြိုးအိနိုင် (မန္တလေး)
မဲစာရင်းတွေမှားတာကို ပြီးခဲ့တဲ့ ၂၀၁၅ရွေးကောက်ပွဲမှာကတည်း က ကြားခဲ့ပြီးပြီ။ အခု ၂၀၂၀ မှာ ပိုပြီးကျယ်ကျယ်လောင်လောင်ကြား ရတယ်။ ဒီလိုမျိုးတွေမဖြစ်ဖို့ ၂၀၁၅ မှာပြည်သူတွေတာဝန်ကျေခဲ့ပြီးပြီ။ အခု၂၀၂၀လည်း လဝကဝန်ကြီးကိုယ်တိုင်မှားနေပါတယ်ဆိုတာက စဉ်းစားစရာဖြစ်လာပြီ။ ဒါတွေအတွက် ပြည်သူ့ပိုက်ဆံတွေနဲ့ခန့်ထား တဲ့ ဝန်ကြီးဌာနလဝကတို့၊ ရွေးကောက်ပွဲကော်မရှင်တို့ တာဝန်ကျေသင့် တာပေါ့။ ဒါတွေမဖြစ်ဖို့ သူတို့မှာတာဝန်ရှိတယ်လေ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူတွေ စိတ်ဝင်စားမှုနည်းပါးနေချိန်မှာ ဒီမဲစာရင်းတွေကပါ ဆက်မှားနေတော့ မဲစာရင်း သွားပြန်မလျှောက်ဘဲ မဲမပေးတဲ့လူတွေပါ များလာတာတွေ့ရတယ်။ ဒါကနိုင်ငံအတွက် သိပ်ကောင်းတဲ့အခြေအနေတစ်ခုတော့မဟုတ်ဘူး။ ဒီလိုမျိုးအခြေအနေဖြစ်နေမှတော့ မဲစာရင်းကို မဖြစ်မနေစစ်သင့်ပါ တယ်။ ကိုယ်ကြိုက်တဲ့ပါတီ၊ ကိုယ်စိတ်ကြိုက်ဖြစ်နိုင်မယ့်အစိုးရကို ရွေးချယ်နိုင်တဲ့အခွင့်အရေးဟာ ဒီနိုင်ငံမှာ ရရှိတာနည်းပါးခဲ့တဲ့အတွက် မဲစာရင်းအမှားမဖြစ်ဘဲ မဲပေးနိုင်အောင်သေချာစစ်သင့်ပါတယ်။

ဦးသောင်းထိုက် (ကမာရွတ်မြို့နယ်)
မဲစာရင်းကိုအခြေခံတာက အိမ်ထောင်စုစာရင်းမဟုတ်ဘဲ သက် ဆိုင်ရာနယ်မြေမှာ နေထိုင်တဲ့လူတွေအပေါ် အခြေခံပြီးကောက်တာလို့ သိတယ်။ ပုံစံ ၁၀ လို့ အများကသိတာပေါ့။ အဲဒီအပေါ်မှာကျန်တာ၊ မှားတာက တချို့က ကောက်တဲ့အချိန်အိမ်မှာတစ်ယောက်မှမရှိတာမျိုး တွေလည်းရှိတယ်။ ကောက်တဲ့လူကလည်းနှစ်ခါလာပြီး မကောက်တော့ ကျန်နိုင်တာပေါ့။ အမှားဆိုတာက တချို့နာမည်တွေကလိုက်မှတ်ရေး တာဆိုတော့ ရာခိုင်နှုန်းပြည့် ဘယ်လိုမှမမှန်နိုင်ဘူး။ နာမည်၊ မှတ်ပုံတင် စတာတွေပေါ့။ နောက် လိုက်ကောက်တဲ့လူတွေဘယ်လောက်အားစိုက်သလဲ၊ စေတနာပါလဲ။ ဒါတွေနဲ့ လည်းဆိုင်တယ်။ အခုအချက်တွေအားလုံးက ၁၀၀ ရာခိုင်နှုန်းမဖြစ်နိုင်ဘူးလေ။ ဒါကြောင့်ပြီးပြည့်စုံတဲ့စာရင်း ကတော့ ဒီအတိုင်းသွား  ဘယ်ချိန်မှအမှန်ဆိုတာမထွက်နိုင်ဘူး။ စာရင်းသွင်းတဲ့အချိန် ကွန်ပျုတာအမှားကြောင့် ဒါလည်းဖြစ်နိုင်တယ်။ ဒါကြောင့် မှားနိုင်တဲ့ဘက်တွေက များလို့ မှားနေဦးမှာပဲ။ မဲဆန္ဒရှင်ပြည်သူတွေကပါ ပါဝင်ထိန်းကျောင်းမှဖြစ်မှာ။ ကိုယ်စာရင်းပါ၊ မပါကအစ ဘာတွေမှားနေလဲဆိုတာမျိုးတွေထောက်ပြမှ အနီး စပ်ဆုံးဖြစ်မှာလေ။ ဒါကြောင့် မဲစာရင်းက ကြည့်ကိုကြည့်ရမယ့်တာဝန်ရှိတယ်။

ကိုကိုင်ခိုလတ် (မြောက်ဒဂုံမြို့နယ်)
အခုမဲစာရင်းတွေမှားတာက ရွေးကော်ဘက်က အသစ်အဆန်းတွေ  လုပ်လာလို့ထင်တယ်။ အရင်က သန်းခေါင်စာရင်းကို အခြေခံတယ်။ အခုက ရပ်ကွက်ထဲအမှန်တကယ်နေတဲ့သူကို အခြေခံတယ်လို့ပြော တယ်။ လက်တွေ့ကျပါတယ်။ မှားတာတော့ မကောင်းဘူးပေါ့။ အခု အချိန်လည်းပိုပေးထားပါတယ်။ မဲစာရင်းမှားတွေက ရွေးကောက်ပွဲပေါ်  သက်ရောက်မှာ မဟုတ်ပါဘူး။ ပြင်ဆင်ဖို့ရက်အများကြီးလည်း လိုသေး တယ်။ ပြင်ဆင်ဖို့လည်း အချိန်မီမယ်ထင်တယ်။ ရွေးကောက်ပွဲကို သက် ရောက်မှာက ရွေးကောက်ပွဲမဖြစ်အောင် လုပ်နေတဲ့အရာတွေပါပဲ။

Credit : http://7daydaily.com/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img